Share this

UNESCO-UNEVOC Center အတွက် Indicator တစ်ခုအဖြစ် Improving the Image of TVET ခေါင်းစဉ်ဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံများ၏ Technical Project Competition ပြုလုပ်

ပညာရေးဝန်ကြီးဌာန၊  နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်) တွင် စတင်ဖွင့်လှစ် တည်ထောင်မည့် UNESCO-UNEVOC Center အတွက် Indicator တစ်ခုအဖြစ် Improving the Image of TVET ခေါင်းစဉ်ဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံများ၏ Technical Project Competition အား (၁၅-၇-၂၀၁၈)ရက်၊ တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအခမ်းအနားကို ပြုလုပ်ရခြင်းမှာ နည်းပညာနှင့် သက်မွေးဝမ်းကျောင်း ပညာရပ်များအား ပြည်သူလူထုအကြား ကျယ်ကျယ် ပြန့်ပြန့် သိရှိလာစေရန်၊ နည်းပညာနှင့် သက်မွေးပညာရပ်များ သင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား မိမိတို့သက်ဆိုင်ရာ နယ်ပယ်များတွင် ကျွမ်းကျင်ပိုင်နိုင်စေရေးအတွက် အထောက်အကူ ဖြစ်စေရန်နှင့် အရည်အချင်းပြည့်မီပြီး တီထွင်ဖန်တီး ထုတ်လုပ်နိုင်သော ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပါသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပညာရေးဝန်ကြီးဌာနှင့် နည်းပညာနှင့် သက်မွေးပညာဦးစီးဌာနရှိ တာဝန်ရှိပုဂ္ဂိုလ်များ၊ အင်းစိန်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများ၊ UMFCCI၊ မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော GIZ ၊ KFW ၊ ADB ၊ SwissContact ၊ SDC ၊ KOICA ၊ JICA နှင့် ADRA မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်၊ ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဝင်းမော်ထွန်းက အမှာစကားပြောကြားရာတွင် ပထမဦးစွာ မိမိအနေဖြင့်၊ ၂၀၁၈၊ ဇူလိုင်(၁၅)ရက်နေ့မှာ ကျရောက်တဲ့ World Youth Skills Day အထိမ်းအမှတ်အနေဖြင့်သာမက ၂၀၁၈ခုနှစ် နိုဝင်ဘာလအတွင်းမှာ  အစိုးရ စက်မှုလက်မှုသိပ္ပံ (အင်းစိန်)မှာ စတင်ဖွင့်လှစ် တည်ထောင်မည့် UNESCO-UNEVOC Center အတွက် Indicator တစ်ခုရရှိနိုင်စေတဲ့ အစိုးရစက်မှုလက်မှုသိပ္ပံများ၏ နည်းပညာဆိုင်ရာ Project ပြိုင်ပွဲကို ပထမအကြိမ်အဖြစ် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)မှာ စတင်ကျင်းပ ပြုလုပ်နိုင်ခဲ့တဲ့အတွက်  များစွာဂုဏ်ယူပါကြောင်း၊UNESCO-UNEVOC ဌာနချုပ်အနေနဲ့ နှစ်စဉ် ဇူလိုင်လ(၁၅)ရက်နေ့ကို World Youth Skills Day အဖြစ် သတ်မှတ်ပြီး တစ်ကမ္ဘာလုံးရှိ UNESCO-UNEVOC Center ရှိသော နိုင်ငံတိုင်းမှာ ညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အလုပ်အကိုင် အခွင့်အလမ်း ဖော်ထုတ်ဆွေးနွေးပွဲများ၊ စွမ်းဆောင်ရည်မြှင့်တင်မှု အစီအစဉ်များ စသဖြင့် ကျင်းပကြဖို့ တိုက်တွန်းပြောကြားထားပြီး၊ ၂၀၁၈ခုနှစ်အတွက် World Youth Skills Day ရဲ့ Theme ကို Improving the Image of TVET သတ်မှတ်ထားရှိပြီး ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ UNESCO-UNEVOC Center ရှိတဲ့ နိုင်ငံ(၅၀)ကျော်ရှိပြီး၊ မြန်မာနိုင်ငံအနေနဲ့လည်း ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်း အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)မှာ စတင်ဖွင့်လှစ် တည်ထောင်တော့မှာဖြစ်ကြောင်း၊ ယခုကဲ့သို့ UNESCO-UNEVOC Center ဖွင့်လှစ်နိုင်ခြင်းအားဖြင့် နည်းပညာနှင့် သက်မွေးပညာကဏ္ဍ ဆောင်ရွက်ရာမှာ ပိုမိုအကျိုးဖြစ် ထွန်းစေမှာဖြစ်ပြီး UNEVOC ကွန်ယက်၏ အခြေခံစည်းမျဉ်း သတ်မှတ်ချက် များနှင့်အညီ ဒေသတွင်းရှိ UNESCO-UNEVOC Center ရှိသော အခြားနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်မှုများအတွက် အတွေ့အကြုံ၊ ဗဟုသုတများ မျှဝေဖလှယ်နိုင်ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။အမျိုးသားစီမံကိန်း မဟာဗျုဟာ(၂၀၁၆-၂၀၂၁)ရဲ့ နည်းပညာနှင့် သက်မွေးပညာကဏ္ဍ မှာ အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် မဟာဗျုဟာ(၃)ရပ် ချမှတ်ထားပြီး၊ နည်းပညာနှင့်သက်မွေး၊ ပညာရေးနှင့် လေ့ကျင့်ရေး အရည်အသွေး ပိုမိုကောင်းမွန်စေ ရန်နှင့် လုပ်ငန်းခွင်လိုအပ်ချက် ကိုက်ညီစေရန် ဆောင်ရွက်ခြင်းသည်လည်း တစ်ခုအပါ အဝင်ဖြစ်ပါကြောင်း၊ ယခုကျင်းပတဲ့ အစိုးရစက်မှုလက်မှုသိပ္ပံများ၏ နည်းပညာဆိုင်ရာ Project ပြိုင်ပွဲသည်လည်း စတင်ဖွင့်လှစ်တည်ထောင်မည့် UNESCO-UNEVOC Center အတွက် Indicator တစ်ခုရရှိနိုင်စေသည်သာမက နည်းပညာနှင့် သက်မွေးဝမ်း ကျောင်းပညာရပ်များအား ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန်၊ နည်းပညာနှင့် သက်မွေးပညာရပ်များ သင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူ များအား မိမိတို့ သက်ဆိုင်ရာနယ်ပယ်များတွင် ကျွမ်းကျင်ပိုင်နိုင်စေရေးအတွက် အထောက်အကူ ဖြစ်စေရန်နှင့် အရည်အချင်းပြည့်မီပြီး တီထွင်ဖန်တီး ထုတ်လုပ်နိုင်သော ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန်နှင့် အဖွဲ့လိုက် ဆောင်ရွက် နိုင်သည့် အလေ့အထကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်တို့ ရည်ရွယ်ပြီး ကျင်းပခဲ့တာ ဖြစ်ပါကြောင်း၊ ဒီနေ့ကျင်းပတဲ့  အစိုးရစက်မှုလက်မှုသိပ္ပံများ၏ နည်းပညာဆိုင်ရာ Project ပြိုင်ပွဲမှာ အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများမှ Project (၂၄)ခု ပါဝင်ယှဉ်ပြိုင်ကြတာဖြစ်ပြီး၊ တစ်နိုင်ငံလုံး Project အကောင်းဆုံး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနဲ့ နှစ်သိမ့်ဆုများ ပေးအပ်ချီးမြှင့်မှာဖြစ်ပြီး၊ ရှေ့လာမယ့်နှစ်တွေမှာ သက်ဆိုင်ရာ အထူးပြုနယ်ပယ်အလိုက် Project များ ယခုထက်ပို၍ ပါဝင်ယှဉ်ပြိုင် နိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးမှာဖြစ်လို့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ယခုကတည်းက လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်သော Project များ တီထွင်ဖန်တီး ထုတ်လုပ်စေကြလိုကြောင်း ပြောကြားပါသည်။
ထို့နောက် စုပေါင်းမှတ်ပုံတင်ဓါတ်ပုံရိုက်ကူးခြင်း၊ Project ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခြင်း၊ ဆုရရှိသော ကျောင်းများနှင့် ပါဝင်ယှဉ်ပြိုင်သော ကျောင်းများအား ဆုကြေးနှင့် အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းနှင့် ကူညီထောက်ပံ့ပေးသော အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့ပါသည်။ ပထမဆုကို အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)မှ Semi-Smart Home Wiring Installation (Trunking Fitting)ခေါင်းစဉ်ဖြင့်သော်လည်းကောင်း၊ ဒုတိယဆုကို အစိုးရနည်းပညာကောလိပ်(ရွှေဘို)မှ Blind Walking Stick ခေါင်းစဉ်ဖြင့်သော်လည်းကောင်း၊ တတိယဆုကို အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)မှ Automatic Water Filling ခေါင်းစဉ်ဖြင့်သော်လည်းကောင်း၊ နှစ်သိမ့်ဆု(၁)ကို အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး)မှ Bluetooth Controlled Smart Home ခေါင်းစဉ်ဖြင့်သော်လည်းကောင်း၊ နှစ်သိမ့်ဆု(၂)ကို အစိုးရစက်မှုလက်မှုသိပ္ပံ(သံတွဲ)မှ Sequence Control With Three Channel Output ခေါင်းစဉ်ဖြင့်သော်လည်းကောင်း အသီးသီးရရှိခဲ့ပါသည်။