Share this

img.share-image

Suzuki (Myanmar) Motor Co.,Ltd မှ ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်းသို့ သင်ထောက်ကူမော်တော်ယာဉ်(၃)စီးနှင့် မော်တော်ယာဉ်အပိုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း

နိုင်ဝင်ဘာ ၈ ရက်

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်းသို့ Suzuki (Myanmar) Motor Co.,Ltd မှ သင်ထောက်ကူ မော်တော်ယာဉ်များ၊မော်တော်ယာဉ်အပိုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲနှင့် အသိအမှတ်ပြုအခမ်းအနားကို အဆိုပါ ကျောင်းခန်း၌ (၈-၁၁-၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ပါသည်။ အခမ်းအနားသို့ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်း, JICA Myanmar Office မှ အကြီးတန်းကိုယ်စားလှယ် Mr.Nobuo IWAI နှင့်အဖွဲ့ဝင်များ၊ Suzuki (Myanmar) Motor Co.,Ltd မှ ဉက္ကဋ္ဌ Mr.Keiichi ASANO နှင့်အဖွဲ့ဝင်များ၊ စီမံကိန်းမှ ဂျပန်ပညာရှင်များ၊ ဂျပန်-မြန်မာအောင်ဆန်း သက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ၊ဆရာမများ တက်ရောက်ကြပါသည်။

အဆိုပါ အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် “Suzuki (Myanmar) Motor Co.,Ltd မှ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်းသို့ သင်ထောက်ကူမော်တော်ယာဉ်များ၊ မော်တော်ယာဉ်အပိုပစ္စည်းများ ပေးအပ်သော အခမ်းအနားဖြစ်သည့်အတွက် မင်္ဂလာရှိသည့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ဂျပန်-မြန်မာအောင်ဆန်းသက်မွေး ပညာသင်တန်းကျောင်းသည် နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့၏ ထောက်ပံ့မှုဖြင့် ပူးပေါင်းတည်ထောင်သည့် ကျောင်းတစ်ကျောင်းဖြစ်ပါကြောင်း၊ အဆိုပါကျောင်းတွင် မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုနည်းပညာဘာသာရပ်နှင့် စက်မှုလုပ်ငန်း ဆိုင်ရာလျှပ်စစ်အင်ဂျင်နီယာဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊ Suzuki (Myanmar) Motor Co.,Ltd မှ လှူဒါန်းသည့် သင်ထောက်ကူမော်တော်ယာဉ်များမှာ ၂၀၁၈ မော်ဒယ်နှင့်အထက်များ ဖြစ်သည့်အတွက် ကျောင်းသား၊ကျောင်းသူများအနေဖြင့် ခေတ်မီ မော်တော်ယာဉ်နည်းပညာများနှင့်ပတ်သက်၍ စာတွေ့သာမက လက်တွေ့ပါ လေ့လာသင်ယူနိုင်ရေးကို များစွာ အထောက်အကူပြုပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများ အလုပ်အကိုင်ရရှိရေးနှင့် အသက်မွေးဝမ်းကြောင်းပြုနိုင်ရန်အတွက် သင်ကြားပေးမည့် သက်မွေးပညာလေ့ကျင့်ရေး အခန်းကဏ္ဍတွင် Suzuki (Myanmar) Motor Co.,Ltd အနေဖြင့် တစ်တပ်တစ်အား ပါဝင်ကူညီပေးသည့်အတွက် လှိုက်လဲစွာ ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း” ပြောကြားပါသည်။

ဆက်လက်၍ JICA Myanmar Office မှ Mr.Nobuo IWAI က ပြောကြားရာတွင် “ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာသင်တန်းကျောင်း စီမံကိန်းကို လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရန် ပူးပေါင်းပါဝင်သည့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ တာဝန်ရှိသူများနှင့် နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများကို ကျေးဇူးတင်ပါကြောင်း၊ Suzuki (Myanmar) Motor Co.,Ltd မှ လှူဒါန်းသော မော်တော်ယာဉ်အသစ်များကို ကျောင်းသား၊ကျောင်းသူများ လက်တွေ့လေ့ကျင့်ရာတွင် အသုံးပြုခွင့် ရသည့်အတွက် ဝမ်းသာပါကြောင်း၊ ဂျပန်-မြန်မာအောင်ဆန်း သက်မွေးပညာသင်တန်းကျောင်း၏ တိုးတက်ရေးအတွက် ဆက်လက်ကူညီပေးပါရန်နှင့် Suzuki (Myanmar) Motor Co.,Ltd ၏ လှူဒါန်းမှုအတွက် ထပ်မံကျေးဇူးတင်ပါကြောင်း” ပြောကြားပါသည်။

Suzuki (Myanmar) Motor Co.,Ltd မှ President, Mr.Keiichi ASANO က “ယနေ့အခမ်းအနားကို စီစဉ်ပေးသည့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် ဂျပန်-မြန်မာအောင်ဆန်း သက်မွေးပညာသင်တန်းကျောင်းကို ကျေးဇူးတင်ပါကြောင်း၊ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာနတွင် မော်တော်ယာဉ်ဆိုင်ရာဘာသာရပ်နှင့်စပ်လျဉ်း၍ ပထမဉီးဆုံးဖွင့်လှစ်သည့် ဂျပန်-မြန်မာအောင်ဆန်း သက်မွေးပညာသင်တန်းကျောင်းသို့ လှူဒါန်းခွင့်ရသည့်အတွက်လည်း ဝမ်းသာဂုဏ်ယူပါကြောင်း” ပြောကြားပါသည်။

ဆက်လက်၍ Suzuki (Myanmar) Motor Co.,Ltd မှ President, Mr.Keiichi ASANO မှ ၂၀၁၈ မော်ဒယ် Suzuki Swift (၂)စီး၊ ၂၀၁၉ မော်ဒယ် Suzuki Ertiga (၁)စီးနှင့်မော်တော်ယာဉ်အပိုပစ္စည်းများကို ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်းသို့ ပေးအပ်လှူဒါန်းရာ ဒေါက်တာနေမျိုးထွန်းမှ လက်ခံရယူပြီး ဂုဏ်ပြုအသိအမှတ်ပြုလက်မှတ် ပြန်လည်ပေးအပ်ပါသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ပြီး မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုနည်းပညာဘာသာရပ် အလုပ်ရုံနှင့် စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ် အင်ဂျင်နီယာဘာသာရပ် လက်တွေ့ခန်းများသို့ လှည့်လည် ကြည့်ရှုကြပါသည်။

သင်တန်းများ