Share this

img.share-image

Food & Beverages Vocational Training စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

                                                                                                                                      ရန်ကုန် ဩဂုတ် ၃၀ ရက်

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (လှိုင်သာယာ) G.T.H.S (Hlaing Thar Yar) သည် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA)၊ ကိုရီးယားနိုင်ငံအခြေစိုက် Wholistic Interest Through Health (WITH) နှင့် မေတ္တာအလင်းအသင်းတို့၏ ကူညီပံ့ပိုးမှုဖြင့် ဖွင့်လှစ်သည့် ကျွမ်းကျင်မှုအခြေပြု သက်မွေးပညာကာလတိုသင်တန်းများဖြစ်သည့် Food & Beverages Vocational Training စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်းအဖြစ် ဖွင့်လှစ်သည့် Coffee and Juice သင်တန်း၊ Confectionery ပေါင်မုန့်နှင့်ကိတ်မုန့်ဖုတ်သင်တန်းနှင့် Cooking သင်တန်းအမှတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို G.T.H.S (Hlaing Thar Yar) တွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းအုပ်ကြီးများနှင့် သင်တန်းသူသင်တန်းသားများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက စားသောက်ကုန် ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှု ပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်း အပတ်စဉ် (၂) တွင် သင်တန်းကာလ အနေဖြင့် သီအိုရီနှင့် လက်တွေ့အတွက် (၃)လနှင့် လုပ်ငန်းခွင်လက်တွေ့(၁)လ စုစုပေါင်း (၄)လကြာမြင့်ပါကြောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီး ဌာန အနေဖြင့် နည်းပညာနှင့် သက်မွေးပညာရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် တစ်နိုင်ငံလုံးတွင် အစိုးရနည်းပညာကောလိပ် (၃) ကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ (၂၂) ကျောင်း၊ အစိုးရနည်းပညာ အထက်တန်း ကျောင်း (၃၅) ကျောင်းနှင့် သက်မွေး ပညာသင်ကျောင်း(၅)ကျောင်း၊ စုစုပေါင်း(၆၅) ကျောင်းတွင် ပုံမှန်သင်တန်းများအပြင် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် သက်မွေးပညာရပ်များကို ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိပါကြောင်း၊ ဦးစီးဌာနအနေဖြင့် သက်မွေးပညာ သင်တန်းများကို ဆက်လက် တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) တွင် Swiss contact နှင့် ပူးပေါင်းပြီး cook apprenticeship သင်တန်းကို တိုးချဲ့ဖွင့်လှစ်သွားရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင်လည်း Swiss contact နှင့်ပူးပေါင်းပြီး အချက်အပြုတ်သင်တန်းနှင့် စိုက်ပျိုးရေးသုံး စက်ကိရိယာများ ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းများကို apprenticeship ပုံစံမျိုးဖြင့် ဖွင့်လှစ်ပေးလျက် ရှိပါကြောင်း၊ နည်းပညာနှင့်သက်မွေးပညာရေးကို ပထမဦးစားပေး လုပ်ငန်းအဖြစ် သတ်မှတ်ပြီး ပထမတန်းစား ပညာရေးဖြစ်လာစေရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခု စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှု ပေးခြင်းဆိုင်ရာ သက်မွေးပညာ သင်တန်းများသည် စာတွေ့၊ လက်တွေ့ သင်ကြားမှုများအပြင် လုပ်ငန်းခွင် လက်တွေ့ ပြုလုပ်ရမည့် အပိုင်းများ ပါဝင်သည့် အတွက် သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင် အတွေ့အကြုံကို အမှန်တကယ်ရရှိစေမည်ဖြစ်ပါကြောင်း၊ သင်တန်းမှ သင်ယူ ရရှိခဲ့သည့် အသိပညာ၊ ဗဟုသုတနှင့် ကျွမ်းကျင်မှုများကို အသုံးချပြီး ကိုယ်ပိုင် အသေးစား စီးပွားရေးလုပ်ငန်းများနှင့် တစ်ပိုင် တစ်နိုင်လုပ်ငန်းများကိုလည်း လုပ်ကိုင် နိုင်ကြမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) မှ Chief Representative Ms. Lee Younsoo နှင့် ကိုရီးယားနိုင်ငံအခြေစိုက် Wholistic Interest Through Health (WITH) Country Director Mr.Yang Heesun တို့က အမှာစကား ပြောကြားကြပြီး မေတ္တာအလင်းအသင်းမှဥက္ကဋ္ဌ ဦးကောင်းစံက ကျေးဇူးတင်စကားပြောကြား၍ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်နှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ကြသည်။

သင်တန်းများ