Share this

img.share-image

ပညာ​ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ​ဒေါက်တာမျိုးသိမ်းကြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အဆင့်မြင့်ညီလာခံတက်ရောက်

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမျိုးသိမ်းကြီးသည် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့မှ (၁၆)ရက်နေ့အထိ Online ဖြင့် ကျင်းပခဲ့သည့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အဆင့်မြင့်ညီလာခံသို့ တက်ရောက်ခဲ့ပြီး Panel Discussion ၌ ပါဝင်ဆွေးနွေးခဲ့ပါသည်။

 ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးသည့်အခါ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၏ အရေးပါပုံ၊ အလုပ်အကိုင်ကောင်းများရရှိစေရန်အတွက် ပြည်တွင်းပြည်ပ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းစေရေး၊ လူသားကောင်း တစ်ဦးဖြစ်စေရေး၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ တာဝန်ယူမှု တာဝန်ခံမှု၊ ဆန်းသစ် တီထွင်ဖန်တီးနိုင် မှုနှင့် စပ်လျဉ်း၍ လူငယ်များအား သင်ကြား၊ သင်ယူလေ့ကျင့်ပေးရန် လိုအပ်ပါကြောင်း၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည့်  ပြဿနာဖြေရှင်းမှုစွမ်းရည်၊ သင်ယူမှုစွမ်းရည်၊ ဆက်သွယ်မှုစွမ်းရည်၊ ကိုယ်ရည် ကိုယ်သွေးနှင့် လူမှုရေးဆိုင်ရာစွမ်းရည်များသည် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများအပါအဝင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ လိုအပ်ချက်များဖြစ်လာပါကြောင်း၊ အရည်အသွေးရှိသည့် ပညာရေးနှင့် နည်းပညာနှင့်သက်မွေး ပညာရေးတို့သည် လုပ်သားဈေးကွက်လိုအပ်ချက်စွမ်းရည်အား ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း၊ အရည် အသွေးရှိသည့်ပညာရေးအတွက် အခြေခံပညာသည် အခမဲ့ဖြစ်သင့်ပါကြောင်း။ မူလတန်းပြီးမြောက် သည့် ကလေးများသည် ရေးတတ်၊ ဖတ်တတ်၊ တွက်တတ်ရမည်ဖြစ်၍ အလယ်တန်း၊ အထက်တန်း ပညာရေးအဆင့်သို့ဖြစ်စေ၊ အဆင့်တူ နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေး သင်တန်းများ သို့ဖြစ်စေ ကူးပြောင်းတက်ရောက်နိုင်စေရမည် ဖြစ်ပါကြောင်း၊ လူတိုင်းသည် လုပ်ငန်းခွင် မဝင်မီ သက်ဆိုင်ရာ နည်းပညာနှင့်သက်မွေးစွမ်းရည်များ ရရှိအောင် သင်ယူလေ့ကျင့်ပြီး ဖြစ်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ လုပ်ငန်းခွင်အရည်အသွေးများ ပိုမိုတိုးတက်စေရန်အတွက် ဘဝတစ်သက်တာ သင်ယူမှုအခွင့်အလမ်းများကို အသုံးချ၍ တက္ကသိုလ်ပညာရေးသို့ ဆက်လက်သင်ယူနိုင်ခွင့် ရှိရမည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍသည် မိမိတို့၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ ပညာရေး၊ နည်းပညာနှင့်သက်မွေးပညာရေး၊ အဆင့်မြင့်ပညာရေးကဏ္ဍများနှင့် ချိတ်ဆက်၍ ပြည်သူပိုင်နှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု၊ ကျောင်းနှင့်စက်ရုံ ပူးပေါင်း ဆောင်ရွက်မှုများကို အားပေးသင့် ပါကြောင်း၊ သိပ္ပံပွဲခင်းများ၊ နည်းပညာပြပွဲများနှင့် အလုပ်အကိုင်ပြပွဲများ ကျင်းပပေးခြင်းဖြင့် လူငယ်များ အတွက် မိမိတို့၏ အသိအမြင် ဗဟုသုတများအား ဖလှယ်ခွင့်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေခွင့် ရရှိစေ၍ မိမိတတ်ကျွမ်းသည့် ပညာရပ်၊ အရည်အသွေးနှင့် စွမ်းရည်များအား လုပ်ငန်းခွင်နှင့် ချိတ်ဆက် နိုင်ခွင့်များအား ဖန်တီးပေးကြရမည် ဖြစ်ပါကြောင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါ အဆင့်မြင့်ညီလာခံအခမ်းအနားသို့ ပညာ​ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့်အတူ ASEAN TVET Council Focal Point of Myanmar၊ The ASEAN Senior Officials Meeting on Education (SOM-ED) နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဉာဏ်ဝင်းသန်း တက်ရောက်ခဲ့ပါသည်။

သင်တန်းများ