Share this

ပညာရေး၀န်ကြီးဌာန နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပညာရေး၀န်ကြီးဌာန၊နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနလုပ်ငန်း ညှိနှိုင်းအစည်းအေ၀းကို ၁၄၊၁၊၂၀၁၉ ရက်နေ့ နံနက် (၈:၃၀)နာရီတွင် နေပြည်တော်၊ ပညာရေး၀န်ကြီးဌာန၊ ရုံးအမှတ်(၂၁)၌ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယ၀န်ကြီးဦး၀င်းမော်ထွန်း၊ ပြည်သူ့လွှတ်တော်၊ လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့၀င်များ၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေး အာမခံမှုအကဲဖြတ်ရေးကော်မတီ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီတို့မှ တာ၀န်ရှိသူများ၊ ပညာရေး၀န်ကြီးဌာနဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်း၀န်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရနည်းပညာကောလိပ်၊သိပ္ပံကျောင်း များနှင့်ဌာနများမှ ကျောင်းအုပ်ကြီးများ၊ တာ၀န်ခံဆရာ၊ဆရာမများနှင့်သက်ဆိုင်ရာ တာ၀န်ရှိ သူများတက်ရောက်ကြသည်။ ပြည်ထောင်စု၀န်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နည်းပညာနှင့်သက်မွေး ပညာရေးကဏ္ဍသည် နိုင်ငံတော်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါ သောကဏ္ဍဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ TVET ကဏ္ဍအား ပထမတန်းစားပညာရေး(First Class Education) ဖြစ်စေရေးကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်ထားပါကြောင်း၊နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အောက်ရှိ ကျောင်းပေါင်း(၆၇)ကျောင်းတွင် ဆရာ၊ဆရာမဦးရေ(၄၀၄၀)ဦးရှိပြီး အစိုးရနည်းပညာ ကောလိပ်နှင့်စက်မှုလက်မှုသိပ္ပံကျောင်းများ၏ ကျောင်းသားကျောင်းသူဦးရေမှာ(၁၄၉၅၆)ဦး၊ အစိုးရနည်းပညာအထက်တန်းကျောင်းများ၏ ကျောင်းသားကျောင်းသူဦးရေ(၇၂၂၈)ဦး၊ ၂၀၁၈ ခုနှစ်တွင်ဖွင့်လှစ်ခဲ့သည့် ကာလတိုသင်တန်းကျောင်းသားဦးရေ(၁၂၆၄၄)ဖြင့် စုစုပေါင်း (၃၄၈၂၈)ဦးဖြစ်ပါကြောင်း၊ TVET သက်မွေးပညာကဏ္ဍ တိုးချဲ့အကောင်အထည် ဖော်ဆောင်ရွက်ရန် တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုချင်းစီ၏ ဒေသအလိုက်ကျွမ်းကျင် လုပ်သားဈေးကွက်(Skill Labour Market)သည် တစ်နေရာနှင့်တစ်နေရာမတူညီသည့် အတွက် ဒေသ၏ကျွမ်းကျင်လုပ်သားအင်အားကို ဦးတည်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အရည်အသွေးကောင်းမွန်သည့် သင်တန်းများကိုသာဖွင့်လှစ်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ Hotel&Tourismသင်တန်းများ၊ ဟိုတယ်၀န်ဆောင်မှုဆိုင်ရာ သက်မွေးပညာ သင်တန်းများ၊ အိုင်စီတီနည်းပညာသင်တန်းစသည့် သင်တန်းများကိုဆောင်ရွက်သည့်အခါ အမှန်တစ်ကယ်လိုအပ်မည့် ကျွမ်းကျင်လုပ်သားဈေးကွက်ကိုလေ့လာပြီး လိုအပ်သလောက် အရည်အသွေးကောင်းမွန်သည့် ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးရန်အရေးကြီးပါကြောင်း၊ ၀န်ဆောင်မှုပေးသည့်သင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ပုဂ္ဂလိကဏ္ဍ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ EU မှ ဘဏ္ဍာငွေ အထောက်အပံ့ယူရို(၂၁၂)သန်းကို ၂၀၂၂ ခုနှစ်အထိ (၅)နှစ်တာ ကာလအတွင်းသုံးစွဲသွား မည်ဖြစ်ရာ သုံးပုံနှစ်ပုံခန့်အား နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးကဏ္ဍအတွက် ကူညီပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးတွင် မျှတစွာအကောင် အထည်ဖော်ဆောင်ရွက်သွားရန်၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှချန်ထားခြင်းမရှိစေရန်၊ မိမိဒေသ၏လူဦးရေအနည်း၊အများနှင့်မဆိုင်ဘဲ လုပ်ငန်းအောင်မြင်နိုင်ရေး ဦးတည်၍ စီမံခန့်ခွဲသွားကြရန်လိုပါကြောင်း၊ ယနေ့ခေတ်ကာလတွင် လုပ်ငန်းခွင်များ၌ လိုအပ်လျှက် ရှိသော ကျွမ်းကျင်လုပ်သားများ၊အသိပညာရှင်၊အတတ်ပညာရှင်များကို ပြုစုပျိုးထောင် သည့်အခါ အသိပညာရှင်၊အတတ်ပညာရှင်(၃၀)ရာခိုင်နှုန်းခန့်နှင့် ကျွမ်းကျင်လုပ်သား (၇၀)ရာခိုင်နှုန်း၊(၈၀)ရာခိုင်နှုန်းခန့်လိုအပ်မည်ဖြစ်ရာ ကျွမ်းကျင်လုပ်သားများကို ပြုစု ပျိုးထောင်ပေးရန် အလွန်ပင်အရေးကြီးပါကြောင်း၊ သင်တန်းကျောင်းများ၏အရည်အသွေး၊ သင်တန်းဆရာများ၏ အရည်အချင်းမြင့်မားမှသာ အရည်အသွေးရှိသည့်သင်တန်းသား သင်တန်းသူများ မွေးထုတ်ပေးနိုင်ခြင်းဖြင့် ဒေသတွင်း၊ နိုင်ငံတွင်း သာမက နိုင်ငံတကာ ကလည်းအသိအမှတ်ပြုမည်ဖြစ်ပါကြောင်း၊ ကျွမ်းကျင်ပညာရှင်များ၊ကျွမ်းကျင်လုပ်သားများ ရရှိစေရေး ၀ိုင်း၀န်းပြုစုပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်း၊ သင်တန်းဆရာအရည်အချင်း ပိုမိုကောင်းမွန်စေရေး၊ လိုအပ်ချက်အခြေပြု၊ ကျွမ်းကျင်မှုအခြေပြုသက်မွေးပညာသင်တန်းများ ပေးအပ်နိုင်ရေးတို့အတွက် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ တိုင်းဒေသကြီး၊ပြည်နယ်များရှိ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ဝိုင်း၀န်းပူးပေါင်း ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်းနှင့် မိမိတို့ကျောင်း၏အရည်အသွေးကို တစ်နှစ်ထက် တစ်နှစ် မြှင့်တင်နိုင်အောင် အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း စသည် ဖြင့်ပြောကြားသည်။ ထို့နောက် ဒုတိယ၀န်ကြီးဦး၀င်းမော်ထွန်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ သက်ဆိုင်ရာကျောင်းများအလိုက် အကောင်အထည်ဖော်ဆောင်ရွက် နေမှုများအားကျောင်းအုပ်ကြီးများက အသီးသီးရှင်းလင်းတင်ပြရာ ပြည်ထောင်စု၀န်ကြီးနှင့် သက််ဆိုင်ရာတာ၀န်ရှိသူများက ဆွေးနွေးညှိနှိုင်းကြကြောင်းသတင်းရရှိသည်။