Share this

img.share-image

နည်းပညာမြှင့်တင်ရေးသင်တန်းဌာန(ဘယ်လင်း) တွင် ဆရာ၊ ဆရာမများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခြင်း

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ ဆရာ၊ ဆရာမများ၏ လက်တွေ့ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၁၁.၁.၂၀၁၉) ရက်နေ့  နည်းပညာမြှင့်တင်ရေးသင်တန်းဌာန(ဘယ်လင်း)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
    အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေး ပူးပေါင်းကော်မတီ၊ ဥက္ကဌ ဒေါက်တာလှမိုး၊ ကျောက်ဆည်မြို့နယ်နှင့် စဥ့်ကိုင်မြို့နယ်တို့မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာအေးမြင့်နှင့် ဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊  နည်းပညာမြှင့်တင်ရေး သင်တန်းဌာန(ဘယ်လင်း)မှ တာဝန်ခံ ဒေါက်တာသန်းဇော်နှင့် ဌာနမှူးများ၊ အကဲဖြတ်ဒိုင်များနှင့် ပြိုင်ပွဲဝင် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါသည်။
    ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေး ပူးပေါင်းကော်မတီ၊ ဥက္ကဌ ဒေါက်တာလှမိုး မှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းပြည်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျှက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများ၏ သင်ကြားရေးစွမ်းရည်နှင့် လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာမှသာ အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာမှာဖြစ်ပါကြောင်း၊  ယခုကျင်းပ ပြုလုပ်တဲ့ ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲများသည် ဆရာ၊ ဆရာမများ၏  လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် များစွာအထောက်အပံ့ရရှိစေမှာဖြစ်ကြောင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် လမ်းညွှန်မှာကြားသည့်အတိုင်း နည်းပညာနှင့် သက်မွေးပညာရေးကို ပထမတန်းစား ပညာရေး ဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာအေးမြင့်မှ အမှာစကားပြောကြားရာတွင် နည်းပညာ၊ သက်မွေးပညာနှင်‌့ လေ့ကျင့်ရေး ဦးစီးဌာနအနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)မှာပါရှိသော နည်းပညာနှင့် သက်မွေးပညာကဏ္ဍတွင် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရန် အရှိန်အဟုန်ဖြင့် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါ ကြောင်း၊ ယနေ့ကျင်းပပြုလုပ်တဲ့ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်း ကျောင်းများမှ ဆရာ၊ ဆရာမများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲသည်   အရည််အသွေးကောင်း မွန်သော TVET ပညာရေးအား အကောင်အထည်ဆောင်ရွက်ရာတွင် အထောက်အကူတစ်ခုဖြစ်ပြီး ယခုလိုပြိုင်ပွဲများမှတဆင့် ကျောင်းအချင်းချင်း နည်းပညာဆိုင်ရာများ၊ သင်ကြားမှုနည်းစနစ်များ အချိန်တို အတွင်း သတ်မှတ်ကျွမ်းကျင်မှုများ ရရှိနိုင်ရန်အတွက် လေ့ကျင့်ပြုလုပ်နိုင်မည့် နည်းလမ်းကောင်းများ၊ လိုအပ်သော ကျွမ်းကျင်မှုများ ရရှိစေရန်အတွက် လေ့ကျင့်ဆောင်ရွက်နိုင်မည့်နည်းလမ်းများ စသည်တို့ကို အချင်းချင်း ဆွေးနွေးဖလှယ်နိုင်မှာဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်လိုအပ်ချက်နှင့်ကိုက်ညီသော TVET ပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  မိမိတို့ ကျောင်းအလိုက် လေ့ကျင့်သင်ကြား ပေးရန် လိုအပ်ချက်များကို သိမြင်လာနိုင်မှာ ဖြစ်ပါကြောင်း၊  အရည်အချင်းရှိသော ဆရာ၊ ဆရာမများ ကသာ အရည်အသွေးရှိသော သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
    နည်းပညာမြှင့်တင်ရေးသင်တန်းဌာန(ဘယ်လင်း)မှ တာဝန်ခံ၊ ဒေါက်တာသန်းဇော်မှ ဆရာ၊ ဆရာမများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် ယခု ဆရာ၊ ဆရာမများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲသည် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေး ပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက််ရှိ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရ နည်းပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများအတွက်(၁၀-၁-၂၀၁၉)ရက်နေ့မှ (၁၁-၁-၂၀၁၉) ရက်နေ့ထိ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများ၏ လက်တွေ့ ကျွမ်းကျင်မှု သာမက သင်ကြားရေးနည်းစနစ်နှင့် ကျွမ်းကျင်မှုများပါ ထည့်သွင်းယှဥ်ပြိုင်စေခဲ့ပါကြောင်း၊ မြို့ပြအင်ဂျင် နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ အီလက်ထရောနစ်အင်ဂျင်နီယာနှင့် စက်မှုအင်ဂျင်နီယာ နယ်ပယ် တို့မှ လက်တွေ့ကျွမ်းကျင်မှုဆိုင်ရာ ပြိုင်ပွဲဝင်ခေါင်းစဥ်(၁၂)မျိုးတွင် ဆရာ၊ ဆရာမ စုစုပေါင်း(၁၃၅)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ပါကြောင်း၊ အကဲဖြတ်ဒိုင်များအဖြစ် အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှု သိပ္ပံ၊ အစိုးရနည်းပညာအထက်တန်းကျောင်းများနှင့် သက်မွေးပညာသင်တန်းဌာနများမှ နယ်ပယ်အလိုက် ကျွမ်းကျင်မှုရှိသော ကျွမ်းကျင်ပညာရှင် ဆရာ၊ ဆရာမမျာမှ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ပြိုင်ပွဲဝင် ခေါင်းစဥ်(၁)မျိုးလျှင် ပထမဆုအတွက်(၃)သိန်း၊ ဒုတိယဆုအတွက်(၂)သိန်းနှင့် တတိယဆုအတွက် (၁)သိန်း ဆုများဖြင့် ပြိုင်ပွဲဝင်ခေါင်းစဥ်(၁၂)မျိုးအတွက် (၃၆)ဆု ပေးအပ်ချီးမြှင့်မည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
    ဆက်လက်၍ ပြိုင်ပွဲတွင် ဆုရရှိခဲ့သော ဆရာ၊ ဆရာမများအား ဆုများအသီးသီးပေးအပ်ချီးမြှင့် ခဲ့ပြီး၊ ဆုရပြိုင်ပွဲဝင် ပစ္စည်းများအား  တက်ရောက်လာသူများက လှည့်လည်ကြည့်ရှု့၍  အခမ်းအနားကို ညနေ(၀၅း ၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
 

သင်တန်းများ